လိမ္မော်ရင့်ရောင်အရိပ်များ တရိပ်ရိပ်ပြေးလွှား။ နေရာအနှံ့ပြေးလွှား နေကြ။ နှင်းခဲလွင်ပြင် မြူဝေဝေစိမ်းလန်းနုသစ်။ ရင်ခုန်ဥယျာဉ် ပန်းပွင့်ရောင်စုံ ရဲရဲငြီးနေတဲ့ နှင်းဆီတော။ နောက်ဆုံးတိုးထွက်လာခဲ့တဲ့ ပင့်ကူမြင်ဖုံထုတွေကြားမှ မွန်းနစ်နေတဲ့ အိမ်အိုကြီးရဲ့ရှေးဟောင်းတံခါးရွက်များ။ ပြောင်းလဲနေတဲ့ ခေတ်နဲ့အတူ ပြောင်းလဲနေတဲ့ အတွေးအခေါ် အမူအကျင့်များ။ စနစ်နည်းနာများပြောင်းလဲရမည်မှာ ဓမ္မတာပင်ဖြစ်တယ်။ ဒါပေမယ့် အနုပညာဖန်တီးမှုဟာ ခွေးရူးကောင်းစား တမွန်းတည့် မဟုတ်။ ရောယောင်နောက်လိုက်လုပ်ရပ်တွေ ပုံတူကူးချမှုတွေ ပေါ်ပင် လုပ်ရပ်တွေဟာ အနုပညာဖန်တီးမှုနဲ့ လားလားမှမအပ်စပ်ကြောင်း လိမ္မော်ရင့်ရောင် နှလုံးသားပိုင်ရှင်များ စဉ်းစားသိထားကြပြီး ဖြစ်တယ်။"အိပ်မက်နဲ့ ဝင်တိုက်ခံရတဲ့နေ့"
အဲဒီစကားလုံးကို နှလုံးသားရဲ့တွင်းနက်နက်ထဲ ပစ်ချလိုက်တယ်။ အတွေးတွေကိုဆန့်ထုတ် စိတ်ကူးတွေ ကစဥ့်ကရဲ ကဗျာတစ်ပုဒ်ကို စိတ်ကူးဖြန့်ကျက်ပြီး အဓိပ္ပါယ်အကျယ်အဝန်း အနက်အရှိုင်းကို ဖော်ကျူးဘာသာပြန်ရန် စကားလုံးတွေက အဆင်သင့်မရှိ။ အနုပညာလက်ရာတစ်ခုကို ကြည့်မြင်ဖတ်ရှုခံစားပြီးနောက် ခံစားမှုတွေက တအားတိုးဝင်လာခဲ့။ ပြင်းအားတစ်ခုနဲ့ နှလုံးသားဗဟို ချက်တံခါးကို တွန်းဖွင့်။ တွေးခေါ်မှုငှက်ကလေးတွေ လွတ်လပ်စွာပျံသန်း လိမ္မော်ရင့်ရောင်အရိပ်များကတော့ တရိပ်ရိပ်ပြေးလွှားဆဲ။
အတ္တကို ချုံ့ကြည့်မိတဲ့နေ့
ညဟာ
မိုးမခပင်တွေကြားက
လမင်းကို စိတ်ကူးသက်သက်
စိတ်ကူးယဉ်နေပြီ။
အဆိပ်သင့်ပန်းတစ်ပွင့်အတွက်
ကြေကြေမွမွ ဖျားနာ
အိပ်မက်ထဲ နစ်မြုပ်နေတဲ့
ဟောက်ပက်ပက်မျက်လုံးတွေကဆိုတယ်။
ရွှေမဖြစ်တဲ့ မျှော်လင့်ချက်နဲ့
ကူးခတ်ခရီးနှင်
ကဗျာဆိုတာ
သုခ ဒုက္ခနဲ့
ငါရဲ့ ပုံမှန်စီးမျောခွင့်
မြစ်တစ်စင်းပဲ ဖြစ်တယ်။ ။
အခိုးအငွေ့စိမ်းစိမ်း၊ တိမ်စိုင်စိမ်းစိမ်း
ကောင်မလေးဟာ
ပေါက္ခရဝဿလို အချစ်တွေ
သည်းထန်အောင် ရွာချ။
အရူးအမူးတမ်းတမိတဲ့ အရေထူ အရေပါးမလေး
အသုဘ မရှုရက်စရာ
အေးခဲမာကျောသွားတဲ့ ညတွေ
ယုတ္တိဗေဒမဲ့ လွမ်းနာကျခဲ့။
ဒါဟာ ကဗျာရူးသူတစ်ယောက်ရဲ့
ကုန်ကြမ်းဒဏ္ဍာရီမဟုတ်ကြောင်း
ဘဝတစ်ခုစာအလွမ်းနဲ့ ဘာသာပြန်လိုက်မယ်။
ရာသီသစ်လမ်းဖြတ်ကူးချိန်
လက်တွေ့သဘောတရားက
အိပ်မက်အသေကိုကွာရှင်းပြတ်စဲခဲ့
ကဗျာထဲနစ်ဝင် ငါ့နှလုံးသား
စိုစွပ်ဖူးတဲ့မိုးနဲ့
အလွမ်းတွေ အလျှားလိုက်တီးခတ်နေတော့တယ်။ ။
ကိုယ့်ကိုကိုယ်
အသေအလဲထူမတ်ထားတဲ့ည
နှုတ်ခမ်းလှလှတစ်စုံရဲ့
စိတ်ကုစားနည်းသီအိုရီ။
ဝေးကြပြီအသိနဲ့
ဦးနှောက်ကရီဝေ
ခြေချော်လက်ချော် ယိမ်းယိုင်လဲကျ။
တုံ့ဆိုင်းပြတ်တောက်ခဲ့တဲ့
ငါ့ရဲ့မဟူရာလမ်းခွဲ
နှုတ်ဆက်ဖို့ စကားတစ်လုံး
ဝေ ဝါး ဆွံ့ အ။
ငါ့အတွက်တော့
အချစ်ဆိုတာ
မူးယစ်စေတဲ့ ပန်းသီးတစ်လုံးပဲဖြစ်တယ် ။
အဝေးဆုံးဟစ်တိုင်မှာ ဥဩငှက်တစ်ကောင်ရဲ့
ပေါက်ကွဲမှုမျိုး ဟစ်အော်ကြေကွဲ။
တိတ်တိတ်ကလေး
ချစ်ဖို့အတွက်
ပထမဆုံးသေနတ်သံမှာ
ဒူးထောက်လက်မြှောက်။
‘ခွင့်လွတ်ခြင်းဆိုတာ
မမြင်နိုင်တဲ့ အနမ်း’
နှုတ်ခမ်းလှလှလေးရေ
လောကထဲ တိုးဝင်ရှင်သန်
လမင်းသံစဉ်နဲ့ ချိုမြိန်စူးရှ
သုံးမရတဲ့ တစ်သျှူးစက္ကူလို
ငါ့ရင်ဘတ်ဟောင်းကို
လုံးချေလွှင့်ပစ်လိုက်ပါ။
ပြဿနာတွေ အုံကျင်းဖွဲ့တိုးဝင်
ဒုက္ခနဲ့ရင်ဆိုင်ရတိုင်း
ငါ့နာမည်ကို
တမ်းတဟစ်အော်လိုက်ပါ။ ။
အမေ့ဗိုက်ထဲမှာ
ကျွန်တော်
ဘာတွေများ တောင်းဆိုခဲ့ပါသလဲ။
မမှတ်မိတော့ဘူးအမေ
မှတ်သားမှုနည်းပါးလွန်းတဲ့
ကျွန်တော်
ကွန်ပျူတာဆေးပြားတွေ
မနက်, နေ့, ည
ဆက်တိုက်မျိုချခဲ့ရ။
အဲဒီနောက်
လောကထဲ
အကောင်းဆုံးလူကို
ဇကာတင်ရွေးထုတ်လိုက်တယ်
အဲဒီနောက်
ထိပ်ဆုံးကအမေဟာ
ညီမျှခြင်းတွေနဲ့ အောင်ပွဲခံနေရဲ့။ ။
ရင်ခုန်သံတူးဆွရင်း
အလိုမတူ ခွာချနေရ
အကျည်းတန်သက်ပြင်းအတွက်
ကမ္ဘာ့လေထုကို အားနာတယ်။
ငါ့စိတ်ကူးတွေ လာလာနားတဲ့
မင်းပါးပြင်ဟာ
မသိုးမသန့် ရွံ့ကြောက်ခဲ့ပြီလား။
နေဝင်ချိန်တွေ
ဘဝထဲ ထိုးစိုက်မလာခင်
အချစ်က ဘဝကိုသတ်ခဲ့။
လမင်းကို တောင်းတမိတဲ့
ကလေးဆိုးတစ်ယောက်လို
မင်း အပြုံးတွေ
ငတ်မွတ်ငေးမော။
ခေါ်သွားပါ ကောင်မလေးရယ်
ငါ့သတိရခြင်းတွေ ခေါ်သွား
ငါ့တမ်းတလွမ်းဆွတ်ခြင်းတွေ ခေါ်သွား
မျှော်လင့်ချက်ဆာလောင်မှုအိပ်မက်တွေ ခေါ်သွား
မဖြောင့်တန်းတဲ့ ကံကြမ္မာ အရိအရွဲတွေ ခေါ်သွား။
အနာဂတ်အမျိုးမျိုး
ကောက်ကွေ့ခဲ့ရ
အသက်ရှူလိုက်တိုင်း
ခက်ထန်မာကြောမှုတွေက
တအိအိ အုံ့ဆိုင်းပျိုကျလာတယ်။
နားလည်မှု
အံချော်သွားတိုင်း
လေထုဟာ သက်ပြင်းနဲ့
အိုမင်းမစွမ်းဖြစ်ရ။
ကြာတော့လဲ
ကမ္ဘာကြီးကို
အားနာတတ်လာပြီ။ ။
ကောင်မလေးရေ
နှုတ်ခမ်းက စက်သေနတ်တွေ
ရပ်တန့်လိုက်တော့
သော့အတုနဲ့ အချစ်ကိုဖွင့်ယူ
နှင်းဆီတွေလောင်ကျွမ်းဖို့
ငါလင်းလက်ခဲ့တာ မဟုတ်ဘူး။
သတိရရ အော့အန်
သိုးဆောင်းအယူအဆ
(၁၃)ဂဏန်းဟာ
ငါ့ရင်အုံဖြစ်ခဲ့ပြီလား။
ကုသမင်း အိုးခတ်သံနဲ့
ရာဇဝင်အဟောင်းထဲပြိုကျ
ငါ့အချစ်ကို လတ်တလောရှုံးနိမ့်စေတယ်။
လက နေကို ငတ်မွတ်သလိုမျိုး
နေက လကို စိတ်ဝမ်းကွဲရ
ကောင်မလေးရယ်အပြေးအလွှား ဝေး ဝေးလာခဲ့ပြီ။
မွန်းတည့် နေ လ
ဗဟိုတံခါးချက်မှာ
ငါ့ရင်ဘတ်ပေါ်
ရထားဘီးတွေ ဖြတ်ဖြတ်နင်းသွား။
သစ်ရွက်အသေ
စကားလုံးအသက်မဲ့
လွမ်းဆွတ်ခြင်းသုသာန်မှာ
ရင်ခုန်သံနေကွယ်
တိတ်ဆိတ်စွာ ကျုံ့ဝင်သွားတဲ့ ည။
နှလုံးသွေးက ဖူးပွင့်လာတဲ့
ဝတ်ရည်အိုင်မှာ
ဒီကောင်တော့
မင်းနာမည်လေးကို
သမရိုးကျ နှစ်မြှုပ်ထားမိပြီ။ ။
နှစ်ဆယ်ရာစုရဲ့
အကြွင်းအကျန် ညများ
ရဲရဲတောက် ခုန်ထွက်ခဲ့ကြ။
ခရစ္စမတ်ကိုအနမ်းနဲ့ ကြိုမယ်
ပြီးမှ
ရင်ခုန်သံဆိုတာ
အတိုးချမော့သောက်ကြတာပေါ့။
‘ခံစားရတယ်’ဆိုတဲ့
စကားတစ်လုံးကိုတောင်
ခံစားမပေးနိုင်တဲ့ လူတွေ
နှစ်သစ်မှာ မုန်းမယ်။
အံချော်နေတဲ့ နားလည်မှုတွေပဲ
နာကျင်စွာ ဖြတ်သန်းခဲ့ရ။
သင်္ခန်းစာတနင့်တပိုး မှိုင်းပြမှုန်ဝေ
ငါ့ဘဝဟာ အခိုးတထောင်းထောင်းထခဲ့
လောင်ကျွမ်းခဲ့ပြီ ကောင်မလေးရေ။
မြင်းရိုင်းတွေ ခွာယှက်သံကြားတိုင်း
မဆီမဆိုင် ရင်ခုန်
ဗုဒ္ဓဟူးသမီးလေးက
တစ်သက်တာပြက္ခဒိန်ထဲမှာ ရှိရဲ့ ။
အာဟာရ မဟုတ်ပေမယ့် အလွမ်းကိုစားသောက်
ဟောဒီ တမ်းတခြင်းကို
နင်းခြေဖြုန်းတီးပစ်နိုင်ရင် မေ့မယ်။
အင်ဆိုးနီးယားကြောင့်
ကျွမ်းသွားတဲ့မီးသီးလုံးလေးကို
အသစ်ပြန်တပ်ပြီး
‘အလွမ်း’လို့ နာမည်ပေးလိုက်ရုံ။ ။
ကောင်မလေးရဲ့ ဒြဗ်တစ်ခုလုံး
မျက်ဝန်းမှာ စူးစူးနစ်နစ် ကခုန်ခဲ့။
ဆာလောင်စိတ် ခဲယမ်းအပြည့်နဲ့
နှလုံးသားက စနစ်တံဖြုတ်ချဖောက်ခွဲခဲ့။
လိမ္မော်ရင့်ရင့် ညနေခင်းထဲ
အချစ်အန်ဖတ်တချို့
ဆွံ့ဆွံ့အအ ထွေးထုတ်ပြသခဲ့။
ပိုက်ဆံနဲ့ကိုယ်ကျင့်တရား
ရိုက်ချိုးမပစ်ဖို့
ပြယုဂ်အမျိုးမျိုး
စကားလုံးတွေ အမုန်းခံရင့်သည်းခဲ့။
ပန်းပွင့်ဖို့ ရူးသွတ်စိတ်နဲ့
ကောင်းကင်တစ်ခုလုံး
အနစ်နာမျိုးစေ့တွေ
ကြဲပက်စိုက်ပျိုးခဲ့။
ရောဂါ(၉၆)မျိုးကျော်ကျော်
ထွန်းကားပေမယ့်
အတုဖြစ်သွားတဲ့လူတွေကို
မူးသွားအောင် မော့သောက်ခဲ့။
မှော်ဆရာလိုအတွေးနဲ့
နုပ်နုပ်စဉ်းထားတဲ့ ငါ့မျက်နှာကို
အချဉ်ပေါက်အောင် စိမ်ထားခဲ့။
ကောက်ရလိုက်တဲ့
ကြေကွဲမှုသစ်သီးတစ်လုံးကို
မျက်ရည်များစွာ
ညှစ်ထုတ်ဆေးကြောခဲ့။
ခေါက်ရိုးကျိုးသံစဉ်အောက်
သံချေးတက်သီချင်းတွေ
ပြက္ခဒိန်လွတ်ပြဿဒါးနဲ့
ဟာမိုနီကျကျမုန်းတီးခဲ့။
အမှည့်လွန်သစ်သီးတွေလို
နှစ်ချို့အလွမ်းဟာ
ရေစီးသန်သန်
ကြွေကျပုတ်သိုးခဲ့။
ဖြတ်သန်းမှုခရီးကို
နောက်ပြန်ဆွဲလိုက်တိုင်း
ဝိရောဓိသင်္ကေတနဲ့
ဖောဖောသီသီ အဓိပ္ပာယ်မဲ့ခဲ့။
အရှင်လတ်လတ်
အရေခွံချွတ်ဖို့
ဝေဒနာသတ်ဆေးများစွာ
ဖော်စပ်သုံးစွဲခဲ့။
ဟောအခု
ခင်ဗျားလဲ ဖတ်လို့ပြီးဆုံးခဲ့။ ။
ဟာရီကိန်းတစ်ခုလို
ပီပီသသ ရွတ်ဆိုကြည့်ပြန်တော့
စည်းဝါးမဲ့ခံစားချက်တွေ
ချုပ်ရိုးရှည်လာ။
ပဉ္စလက်မှော်ရုံအလွမ်းများ
ညှီဟောက်ပုတ်အဲ့
မျှော်လင့်ခြင်းအင်းဆက်တို့
အလုအယက်တိုးဝင်
ဖိစီးမှုဂယက်က
ဆား(စ်)ရောဂါထက် ပြင်းခဲ့။
ကောင်မလေးရေ
ငါကတော့
သေခြင်းတရားနဲ့
လှပစွာ ရှင်သန်ရဦးမယ်။
အချုပ်အနှောင်မဲ့ စကားလုံးများ
သံစုံဟစ်ပျံသန်း
မြို့ပြရဲ့ကျောကုန်းပေါ်
ငြင်းပယ်ခြင်းတွေ
ယိုဖိတ်ရွှဲနစ်။
အလိုက်သိလွန်းတဲ့ ကောင်းကင်ဟာ
မျက်ရည်တွေ ထစ်ထစ်ချုန်းချုန်း
ရေစီးသန် စိုထိုင်းခဲ့တယ်။
ဘယ်လောက်ပဲ
ဟစ်အော် ဟစ်အော်
မျက်ရည်ခံစားချက်နဲ့
အသံဟာ မသဲကွဲဘူး
အချစ်တစ်ခုနဲ့
မှုန်ရီေ၀၀ါးခဲ့။
ခရေပန်းတွေ
အုပ်စုဖွဲ့ဖျားနာ
အဆုံးမသတ်နိုင်တဲ့ ဒိုင်ယာရီနဲ့
ရေးလက်စဘော(လ်)ပင်နဲ့
အဲလို နွမ်းနွမ်းရိရိတွန့်ကြေခဲ့ရ။
ဆုံဆည်းခွင့် သွေးကြောများ
ပိတ်ဆို့နာကျင်
အစိမ်းသက်သက် ပြာကျ
ကောင်းကင်ရဲ့နှလုံးသား
စာနာစိတ်နဲ့ ဟက်တက်ကွဲရော့။
အလိုက်သိသိ မငိုမိခဲ့တဲ့
ငါ့ရဲ့အလိုက်မသိပုံ
ကောင်းကင်ကြီးကတော့
အရုပ်ရေးချိန်မရတဲ့ တိမ်စိုင်တွေနဲ့
မျက်ရည်နဲ့ ခံစားချက်နဲ့ အသံနဲ့
ငါ့ငိုညည်းခြင်းတွေ ခိုးယူ
အလိုက်သိသိ ငိုချလိုက်ပြန်ပြီ။ ။
လူဟာ မျောက်ကဆင်းသက်ခဲ့
ဒါဝင်ရဲ့အသံကို
ကမ္ဘာကြီးက သိမ်းဆည်းလိုက်တယ်။
သဘာဝအဟောင်းမှာ
ရမ္မက်တွေ ပျော်ဝင်စီးဆင်း
အမှန်တရားကို
အမှားများစွာနဲ့ ထုဆစ်ခဲ့ကြ။
ငါ
သုံးဆယ့်တစ်ပုံထဲက မေးမယ်။
တစ်ခါသုံး မျက်နှာနဲ့ ရင်ကွဲနှုတ်ခမ်းမှာ
အချစ်မရှိဘူးလို့ ဘယ်သူငြင်းရဲသလဲ။
အချစ်ဟာ
ခေတ်အဆက်ဆက်ရဲ့ အစားအစာ
ရာဇဝင်ရဲ့အရိပ်ဖြစ်ကြောင်း
သက္ကရာဇ်တွေက သက်သေပြတယ်။
ဒါဝင်ရဲ့
ဦးနှောက် ဖြစ်တည်မှုအရ
ငါတို့ဟာ
မျောက်မျိုးနွယ်စုတွေ ဖြစ်ကြ
တစ်ချိန်ချိန်
သို့မဟုတ်
အကြိမ်များစွာ လွဲမှားကြ။
ဝေါဟာရ မဆုံးသရွေ့
ဒါဝင်ရဲ့ ဥယျာဉ်မှာ
ခုန်ပေါက်ကူးခတ်။
ဒီလိုနဲ့
သံသရာရင်ကွဲ
ဘဝရင်ကွဲ
အိပ်မက်ရင်ကွဲ
နှုတ်ခမ်းရင်ကွဲ။ ။
ဘယ်လို ရှုရှိုက်မှုမျိုးနဲ့
စီးဆင်းလာခဲ့သလဲ
ဒီဇင်ဘာညရဲ့ လရောင်ကိုတောင်
မသိချင်ဘူး ကောင်မလေးရေ။
အလွမ်းတွေ
ခဏလောက် ဘေးပုံထားလိုက်
ပင်လယ်မှာ အက်ကြောင်းရှိတယ်
တောအုပ်က ငိုချင်းရှည် တစ်ပုဒ်ကို
ဆုတ်ကိုင်ထားမိတာ ဆန်းသလား
အခွင့်အရေးဆိုတာ
ကိုယ်ပိုင်သံစဉ်တေးလို
အချိန်ယူ စောင့်ဆိုင်းရ။
ရှုထောင့်အမျိုးမျိုး ဖြတ်သန်း
ဂုမ္ဘာန်တစ်ကောင်ရဲ့
စူးစူးဝါးဝါးရယ်သံတွေ
ရင်ဘတ်ကို စစ်ထိုးနေတာ ခက်တယ်။
လုံးချေ လွှင့်ပစ်ခံရတဲ့
အခန်းကျဉ်းထဲက နှလုံးသား
လတ်လတ်ဆတ်ဆတ် ဖျားနာ။
ကောင်မလေးရေ
ပုံမှန်မဖြစ်သေးတဲ့
ပုံသေနည်းများစွာနဲ့
မင်းကို ချစ်ခဲ့တာပါ။
ရောက်မလာသေးတဲ့ နေ့ရက်တွေဟာ
အချစ်ကို သွေးစုပ်သတ်နိုင်သလား
ဒါဆိုရင် ကောင်းကင်ကိုနမ်းရှိုက်ဖို့
ပန်းခြုံကြားက စေတန်ကိုဖိတ်မယ်။
ငါ့ရင်ထဲ အလွမ်းတွေ
တဝုန်းဝုန်း ပြိုကျနေချိန်။ ။
မျှော်လင့်လို့မရတဲ့
မျှော်လင့်ချက်တွေကို
တမ်းတရင်ခုန်နေသူလောက်
အပေါစားဆန်တာ
ကမ္ဘာမှာ ရှိနိုင်ဦးမလား။
အားလုံးသက်ဆိုင်တဲ့
ဝန်းကျင်တစ်ခုမှာ
အပြုံးနုနုလေးနဲ့
လတ်တလော ရင်းနှီးခဲ့ရ။
ကင်းခြေများလို ယန္တရားကြီးရဲ့
နံပါတ်တစ် အစိပ်အပိုင်းမှာ
သက်ပြင်းများစွာချရင်း
ခန္ဓာငါးပါးကို ထိုးသိပ်ခဲ့ကြ။
အဲဒီ ဝမ်းခေါင်းထဲမှာ
ဆူပွက်ပူလောင်တဲ့ အသံလှိုင်း
အရောင်အသွေးစုံ လူသားများ
သိုးယောင်ဆောင် ဝံပုလွေ
ပုဂ္ဂလိကပိုင် သုခ၊ ဒုက္ခ
သင်္ကေတ ကိန်းဂဏန်း
စုတ်ချက်ကြမ်း သဘာဝရာသီတွေပါတယ်။
အရှေ့တောင်အာရှရဲ့
အနုညံ့ဆုံး
ငါ့နှလုံးသားလေးလဲ ပါတယ်။
အပိုင်းပိုင်းပြတ်တောက်နေတဲ့
ကောင်မလေးရဲ့ သီချင်းသံဟာ
ငါ့ကို ကုတ်ခြစ်ကစားခဲ့
နာရီများစွာ သေဆုံးခံပြီး
နှုတ်ခမ်းလေးကို ငေးမောခဲ့တဲ့ကောင်။
မအိပ်ရပေမယ့် ပျော်တယ်
စကားပြောရင်း မိုးလင်းခဲ့တဲ့
ငါ့ရဲ့ သွေးရူးသွေးတမ်းည
မှော်ဆရာလို စိတ်ကူးနဲ့
ခဏ ခဏ အသက်သွင်းဖြစ်တယ် ။ ။
ကိုးနာရီကျော်မှ ထထိုင်လာတဲ့မနက်ခင်း
အခန်းပျက်နားလည်မှုဖြစ်ရိုးဖြစ်စဉ်မှာ
ဦးတိနဲ့ချစ်ဖွယ် အိုးကင်းပူအတိုက်ခံရ
မြင့်မြတ်ခြင်းအတောင်ပံ
နွံနစ်သင်္ကေတအကိုင်းအခက်
သားအမိနှစ်ယောက်နဲ့ နိယာမတံဆိပ်များ
ပုံစံခွက်ထမင်းဝိုင်းမှာ
မသိမကျွမ်းဟင်းလျာတွေ
ဖြားယောင်းသွေးဆောင်မှုကင်းမဲ့
ဝေမှူးသွင်ရဲ့
ကျူးပစ်ကိုယ်တိုင်မသိခဲ့တဲ့ မြားအကြောင်း
တစ်စုံတစ်ရာခံစားချက်နဲ့ သိဒ္ဓိပေါက်ခဲ့
သင်တန်းမတက်ဖြစ်တဲ့နေ့တွေကျိုးပြတ်
နှစ်သစ်ကို ကြိုဆိုနေကြတဲ့
အယူဝါဒကွဲ တစ်စိတ်တစ်ဒေသ
ဒုံးဂွမ်းဒုံးဂွမ်းအသံဆက်ဂီတ
၆၅-ခုနှစ်ပြက္ခဒိန်မှာ
အပျိုရည်မပျက်ရောက်လာတဲ့
အသစ်စက်စက် တပို့တွဲ
ကြက်ဥပြုတ်သုံးလုံး အမုန်းချွေတဲ့မိုး
ကောင်မလေးတစ်ယောက် ဆိုင်မထွက်ပေမဲ့
ကောင်လေးတစ်ယောက် အစောကြီးရောက်လာတယ်။
ဝိရောဓိဝတ်စုံ ကျားသုံးကောင် နဂါးနဲ့ဆင်
တိတ်ဆိတ်တဲ့ လေဟာနယ်တစ်ခုမှာ
တိတ်ဆိတ်စွာ အမှောင်ဖုံးခံရတဲ့နေ့
သူငယ်ချင်းတို့ရေ
ဝမ်းနည်းလို့ ကဗျာရေးတယ်
လျှပ်စစ်ဓာတ်ရဲ့ ထိတွေ့မှုမျိုး
သွေးကြောတွေ အလျားလိုက်ဖြန့်ခင်း
မနက်လေးနာရီ ထိုးသံကြားရပြီ . . .
အိပ်မရပေမဲ့ အိပ်မက်နဲ့ ဝင်တိုက်ခံလိုက်ရတယ်။ ။
အားလုံးကို အမှတ်ရပေမယ့်
ငါ့မျက်စိတွေ အိပ်စက်နေပါတယ်
ကောင်မလေးရယ်။
မိုးသည်းသည်းမှာ ပူလောင်ခဲ့တဲ့ ငါ့ကို
ဘာအတွက် ချုပ်နှောင်ထားတာလဲ
လောကကြီးကို မေးချင်တယ်။
ကံစီမံရာ ဘဝသေတွေကြားမှာ
ဆာလောင်မှုနဲ့ အပေးအယူလုပ်ပြီး
သဘောတူလက်ထပ်ပါရစေ။
အမှောင်ရိပ်မှာ ဝှက်ကွယ်ထားတဲ့
ကြေကွဲဖွယ်ရာ နေ့ရက်ဆွေးတွေနဲ့
ဟန်းနီးမွန်းထွက်ပါရစေ။
ငါဟာ ဒုက္ခရဲ့ဝေါဟာရတွေကို
အရသာရှိရှိ နားလည်တတ်တဲ့
မိတ္တူဟောင်းတစ်ချပ်ပါ။
အငွေ့ပျံဈေးနှုန်းကို ရွတ်ဖတ်ရင်း
ဆန္ဒရှိတိုင်း စည်းချက်မှားခဲ့
ငါ့ရဲ့ကကွက်တွေဟာ အဖိုးအိုရဲ့ခြေထောက်တွေလို။
ပန်းနုရောင်အလှအပဆိုတာ
အဆိပ်ပဉ္စလက်ရဲ့တိုက်ကွက်
ဥပေက္ခာရဲ့ အလှည့်အပြောင်းတွေမို့
ငါ့အတွက် ရေကြည်မဟုတ်ဖူးလေ။
လှိုင်းပိနေတဲ့ မီးလျှံ အတ္တကျေးကျွန်လူသား
နှလုံးသားမပါတဲ့ အချစ်
ဓာတ်စာဖြစ်ဖို့ဆိုတာ
ကျောက်ခေတ်မှာ အိပ်မောကျနေတဲ့
ဒဏ္ဍာရီတစ်ပုဒ်လိုပါကွယ်။
ချို့ငဲ့ငဲ့ ဘဝလှောင်ချိုင့်ရဲ့ အပူပြင်းဆုံးဖတ်စာအုပ်မှာ
နံပါတ်တစ် စာမျက်နှာဟာ ငါနဲ့ ငါ့အလင်္ကာပေါ့။
ငါအထပ်ထပ်ရေးခြစ်ခဲ့တဲ့
ပရိယာယ်မဲ့ နားလည်မှုတွေဟာ
တကယ်တော့ ဒုက္ခရဲ့ အဓိပ္ပာယ်တွေပါကွယ်။ ။
အထားအသို ဗရပွနဲ့
ဘဝကို အလျားလိုက်ပစ်တင်ခဲ့တဲ့ နွေ။
လှုပ်ရှားမှုတိုင်း အတ္တလွန်းတင်
အမြင်အမျိုးမျိုးကွဲပြားခဲ့တဲ့ နွေ။
တစ်ချက်လေးမှ ငေးမောခွင့်မရ
တိမ်စိုင်တွေ ငုံ့ကြည့်ခံရတဲ့ နွေ။
ဆို့နစ်စရာ သွေးကြောများနဲ့
လောကကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့တဲ့ နွေ။
ရိုးသားစွာ မဖီးလိမ်းနိုင်ပေမယ့်
လတ်လတ်ဆတ်ဆတ် သေဆုံးခဲ့တဲ့ နွေ။
လ နေ နက္ခက်တာရာ
သေတမ်းစာတစ်ရွက်နဲ့ ရင်ညွန့်ဆီ တိုးဝင်ခဲ့တဲ့ နွေ။
လွင့်ပြယ်ခြင်းတေးသွားနဲ့
တစ်ညလုံး အသက်ရှူကြပ်တဲ့ နွေ။
ဝမ်းဗိုက်နဲ့မွေးမြူ
ဒိတ်လွန်စကားလုံးတွေ အန်ချလိုက်တဲ့ နွေ။
လက်သည်းရာ အစွန်းအထင်းနဲ့
တစ်ကိုယ်လုံး ကုတ်ခြစ်ခံရတဲ့ နွေ ။
ပူလောင်ခြောက်ကပ်
ချွေးအထပ်ထပ်နဲ့ ငိုခဲ့ရတဲ့ နွေ။
ရှင်သန်မှုတွေ တငွေ့ငွေ့ဆုတ်ဖြဲ
အသည်းကွဲသီချင်းနဲ့ဧည့်ခံခဲ့တဲ့ နွေ။
ခြစ်ခြစ်တောက်အပြုံးနဲ့
နှလုံးသားတွေ မသိုးမသန့် ဖြစ်ခဲ့တဲ့ နွေ။
သင်္ခန်းစာတနင့်တပိုးနဲ့
သစ်ပင်တွေ ကျွဲပုခုံးထခဲ့တဲ့ နွေ။
ရာဇဝင်ဆေးတစ်ခွက်နဲ့
ရက်ရက်ရောရော စီရင်ချက်ချခဲ့တဲ့ နွေ။
အတွေးအခေါ်ဟောင်းများနဲ့
ဝတ္ထုအသစ်စက်စက် ဖတ်တတ်တဲ့ နွေ။
ကောင်မလေးရေ
ငါကိုယ်တိုင် နွေရိုင်းတွေကို
ဈေးကွက်ချိန်ခွင်ပေါ် ပစ်တင်
အဲဒီနွေရိုင်းတွေကပဲ
အရောင်လွင့်အောင် ရိပ်သိမ်းပြီး
ငါ့ကို
ဈေးပေါပေါနဲ့ ရောင်းပစ်လိုက်ကြတယ်။ ။
ကောင်မလေးရေ
ဒါဟာ
ငါ့မျက်ရည်နဲ့ ဖူးပွင့်လာတဲ့
သစ္စာပန်းတွေလေ။
တစ်တောလုံးနှံ့အောင်
ရှင်သန်ပြီးကာမှ
တစ်တောလုံးပြုန်းအောင်
မီးသင့်လောင်ကျွမ်းခဲ့တဲ့ကောင်ပေါ့။
ရနံ့မရှိဘူး
ဝတ်ရည်မရှိဘူး
သစ္စာတရားကို
တစ်ခက်ထဲပွင့်ပြီး
လွမ်းနာကျနေတဲ့ကောင်။
ထုံးစံအတိုင်း
ပင့်ကူအိမ်ပြတိုက်ထဲက
ပါးစပ်ရှိတဲ့သူငယ်ချင်းတွေ
စကားလုံးသေနတ်နဲ့
ငါ့ရင်ဘတ်ကို
တစ်ဒိုင်းဒိုင်းပစ်ခတ်ကြ။
မာနနဲ့ထုဆစ်ခဲ့တဲ့
ငါကတော့
ရေထဲမှာ အရုပ်ရေးလို့ကောင်းတုန်း။
နောက်ဆုံး
နှလုံးသားတွင်းနက်နက်ထိ
သမိုင်းဝင်ရှင်သန်
ကောင်မလေးရေ
သံစဉ်တစ်မျိုးနဲ့
ရင်ခုန်သံမြန်မြန် ဟစ်အော်နေမယ်။ ။
ဘဝက အခွံသက်သက်ရာသီ
ကောင်းကင်တစ်ခုစာ ငတ်မွတ်ခဲ့။
ယုတ္တိဗေဒကျကျ လွဲမှားရင်း
အိပ်မက်စကားလုံးများစွာ သွေးစုပ်ကိုက်စားခံရ။
လူဆိုတာ ကြော်ငြာပစ္စည်းတစ်မျိုး ဖြစ်တယ်
ညဥ့်ငှက်တွေ အိပ်တန်းပျံပြီ
မှော်ဆရာဆီ သွားမယ် ခံစားချက်မျှားမယ်။
စိတ်ကူးသက်သက် တောက်လောင်
ကောင်မလေးရေ မိုးချုပ်ရပေါင်းများပြီ။
ပိုးဟပ်တွေထက် ရိက္ခာမဲ့ခဲ့
အဲဒါ ခရမ်းပြာနေ့တွေ သေဆုံးရာသင်္ချိုင်း
(သို့မဟုတ်)
ငါ့ မနက်ဖြန်တွေရဲ့ အဆိပ်သင့်အုတ်ဂူ။
သေချာပြီ
ခံစားချက်နဲ့မျှားခဲ့တဲ့
ငါ့ နိုဝင်ဘာအိပ်မက်တွေ စုန်းကိုက်ခံရပြီဆိုတာ။ ။
မျှော်လင့်မထားမှ ရောက်လာခဲ့သူရေ
ငါ ဖျက်ဆီးပြီးသား နေ့ရက်တွေကို
ခပ်တည်တည် ဟောက်ထုတ်ပစ်လိုက်ပါလား။
နာလန်ထစ မြို့ပြတစ်ခုကို
မျက်စိမှိတ်ပြီး အော်တောင်းခဲ့တဲ့သူပါ။
ပိန်ညှော်ညှော် အဲဒီမြို့ကလေးမှာ
မီးစုန်းတွေပြိုကျတဲ့အထိ ငါကပြခွင့်မရခဲ့ဘူး။
အသားတံဆိပ်ရိုက် နှလုံးသားကတော့
မျက်ရည်နဲ့ ကြေကွဲလောင်ကျွမ်းသွားတယ်။
လွင့်ပြယ်ကွယ်ပျောက်တဲ့အထိ
ငါ စီးမျောခဲ့ရ
သစ္စာ, ထာဝရ
အဲဒီ စကားနှစ်လုံးကိုတော့
အဓိပ္ပါယ် ဖွင့်ကြည့်လို့ မရခဲ့ဘူး။
အရောင်အသွေးစုံ လှပမှုရဲ့အောက်
ဟားတိုက်ခံခဲ့ရတဲ့ ငါ
အဖြူရောင်နှလုံးသားကို
လိမ်ညာဖို့ စိတ်ကူးမရှိခဲ့ဘူး။
အက္ခရာအဟောင်းပေါ်
မျဉ်းပြိုင်နှစ်ခုကို ထမ်းပိုးရင်း
နှလုံးသားကို အစာကျွေးမှားတဲ့ကောင်
အခုတော့ ဘဝတစ်ခုလုံး အဆိပ်သင့်ခဲ့ပေါ့။
ခြင်္သေ့လို စိတ်ဓါတ်မျိုးနဲ့
ခပ်နုံ့နုံ့ ငါ့မာနတွေလဲ
အနီရောင်နှုတ်ခမ်းပါးလေးမှာ
ကျရှုံးပေးဆပ်ခဲ့ရ။
အနမ်းမရှိ၊ ပန်းမရှိ
လမင်းမရှိ၊ ကြယ်စင်မရှိ
ညနေခင်းတစ်ခုက
အမှတ်တရ ဆုံးရှုံးသွားတယ်။ ။
နမ်းရှိုက်ခွင့်တိမ်းစောင်းသွားတာနဲ့
အိမ်ကို မူးမူးပြန်လာတဲ့ည။
ငါ့ကိုတောင်
ကြေကြေကွဲကွဲ တီးခတ်နေပုံထောက်ရင်
သူသောက်လာတဲ့ စကားလုံးတွေ
အစာကြေပုံမရဘူး။
ညကို အကြောပေးပြီး ငြင်းခုန်ရဖန်များတော့
လုံးချေခံလိုက်ရတဲ့ စက္ကူတစ်ရွက်လို
မျှော်လင့်ချက်တွေ သဲထဲရေသွန်ဖြစ်ရ။
တည်ဆောက်လက်စ အိပ်မက်တစ်ခုကိုပဲ
မျှတမှုရှိအောင် ထွန်ယက်ခဲ့ရ။
လှောင်ချိုင့်နဲ့ လွတ်ရာကျွတ်ရာ ပျံသန်း
ဖွင့်ဆို မခံရသေးတဲ့ မေးခွန်းတစ်ခုအတွက်
ဥတုသုံးပါးလုံး သစ်ရွက်တွေ ကြွေရော့။
ပြီးဆုံးသွားတဲ့ နေ့ရက်တွေသာ
အတိုးချ မုန်းမိ
ွှ့နသမပမဲ့ ငြီးတွားခြင်းတွေ
ချုပ်နှောင်ရှည်လျှား။
ဝိရောဓိဝတ်စုံနဲ့ ကောင်မလေးကတော့
ငါ့ကို မျက်မုန်းကြိုးမှာ သေချာတယ်
စနစ်တကျချော့မြူမိတဲ့ည
ရင်ဘတ်ဟောင်းလောင်းနဲ့
ကဗျာ ထိုင်ရေးနေပြီ
‘‘ဝလုံးနဲ့တူတဲ့ ကမ္ဘာကြီး
ဂငယ်လိုလို မျက်လှည့်ပြ
အရပ်ရှစ်မျက်နှာမှာ
အယူအဆတွေ နှာစေးခေါင်းခဲဖြစ်ကြ
နေ့စစ်စစ်တွေ အတိတ်မေ့သလို
ငါလဲ အလင်းအတုနဲ့
လူယောင်ဆောင်မိပြန်ရော့’’
အမှတ်စဉ်မတပ်ဖြစ်ခဲ့တဲ့ ညတွေ
ချော့သိပ်ရပေါင်းများပြီ။
ကမ္ဘာငယ်တစ်ခုကို ဆုပ်ကိုင်လိုက်တာနဲ့
ငါ့ညတွေ ပုတ်သိုးရတော့မလား
ခန္ဓာကိုယ်ထဲက
ရောဂါပိုးဖြစ်နိုင်တယ်။
ညရဲ့အိပ်ကပ်ထဲ
ရာစုသစ်တွေ အထပ်လိုက်ရှိခဲ့
သက်တန့်ရှိုက်ရင်း ယစ်မူးနေတဲ့
မြစ်တစ်စင်းကတော့
ပင်လယ်စာအလုံအလောက်နဲ့
အက်ကြောင်းထ သမုဒ္ဒရာထဲပြေးဝင်
ငါကတော့
ညနက်နက်ထဲ ပစ်ချမိတဲ့ညတွေကို
အဟောင်းနွမ်းဆုံး ချော့သိပ်ခဲ့ရ ။
စွန့်ပစ်ခံနှလုံးသားက
အထီးကျန်ညကို ငြင်းတယ်။
အဲဒီညကပဲအဲဒီနှလုံးသားကို
လက်ဆွဲပြီး နှုတ်ဆက်လိုက်တယ် ။
ညဟာ တစ်ခါတစ်ခါ အဘိဓမ္မာဆန်တတ်တယ်
‘‘အနာဂတ်ကို
အိပ်မရလောက်အောင် မျှော်လင့်မထားနဲ့
ဘဝမှာ အသေချာဆုံးက သေခြင်းတရားပဲ
ရုပ်နာမ် မရှိရင်တော့
ဘာမှမလိုချင် မရချင်တော့ဘူး’’
နေ့အတုနဲ့ လူယောင်ဆောင်တဲ့ည
အသည်းကွဲသီချင်းနဲ့ ဟောက်သံပြင်းတဲ့ည
တဖြည်းဖြည်း လဲပြိုသွားပြန်တယ်။ ။
သက်တန့်ရောင်အလင်းတန်းဟာ
ငါ့လျှာပြင်တစ်ခုလုံးကို
ထာဝရ မထိမှန်စေခဲ့ဘူး
ညှီစို့စို့နေ့ရက်တွေ
ငိုချင်းရှည်တစ်ပုဒ်နဲ့
ညကို ဓာတ်စာကျွေးခဲ့တဲ့ကောင်
အခုတော့
သစ္စာစကားကို မျိုးစေ့မဲ့ စိုက်ပျိုးလိုက်ရပြီ ။
အရှင်လတ်လတ် ပုတ်သိုးခဲ့တဲ့ သတ္တဝါလိုပါ
ဆက်တိုက်ခုတ်မောင်းနေရတဲ့
ငါ့သမုဒ္ဒရာကို လက်တွေ့ကုသနေပုံများ
ကော်ပီ သီချင်းတစ်ပုဒ်လိုပါကွယ်။
အတိတ်အနာဂတ်ဆိုတာ ပုံစံခွက်ထဲ မရှိခဲ့ရင်
ရေခဲစိမ် ငါ့အပြုံးတွေ လုံးဝဗိုင်းရပ်(စ်)ဖြစ်မလာနိုင်ဘူး ။
ကောင်မလေးရေ ရိုးသားစွာ ရူးသွပ်ခွင့်ပြုပါ
အာဟာရလမ်းခွဲမှာ ထမင်းနပ်မှန်အောင်
ရိုးသားစွာပဲ ငါရူးသွပ်တော့မယ်။ ။
ထေ့ထေ့ရိရိ အပြုံးတွေဟာ
ဆန့်ကျင်ဘက် လူတစ်ယောက်အတွက်
စူးဝင် ဓားသွားလို အသည်းမှာနာကျင်စေတယ်။
ချိုမြမြအိပ်မက်ဖြူတွေနဲ့
ပျော်ဝင်နေတဲ့ ကောင်မလေးရေ
လက်တစ်ကမ်းဆိုပေမယ့်
ငါ့အတွက်တော့ တကယ့်ကိုအရူးတစ်ပိုင်းပါ။
'' 7 .10 .2000 ''
ရင်ထဲမှာ မီးတောက်တစ်ခု
ပွင့်ထွက်လာတယ်
ရှားရှားပါးပါးရောက်လာတဲ့
ငါ့ရဲ့ဆောင်းဥတုကို ကိုက်ဖဲ့စားသောက်
အဲဒီနှုတ်ခမ်းတွေကိုတောင်
ငတ်မွတ်သတိရနေတဲ့ ငါပါ။
ဒါပေမယ့် မင်းလဲ မင်းအတွေးနဲ့
ငါ့စိတ်ကူးနဲ့ ငါလဲ
စိတ္တဇဆန်ဆန် ရူးသွပ်လို့
စကားများများ မပြောဖြစ်ခဲ့ဘူး။
အပြန်ခရီးက
ငါ့အတွက် ပျော်ရွှင်မှုတွေ ကင်းမဲ့
ပြုံးပြရင်းနှုတ်ဆက်ရတာ
တစ်ကိုယ်လုံး မာခဲနေသလိုပဲ။
မင်းက မင်းလိုအပ်သူနဲ့
ငါမလိုအပ်သူက ငါနဲ့
ဒီလိုပဲ မြို့ပြကို ဖြတ်ကျော်ခဲ့ကြတယ် ။
အံ့ဩမိတာက စွဲလမ်းစိတ်, နှလုံးသား
ကံကြမ္မာနဲ့ငါ။
‘ရည်းစားထားဖူးလား’
မင်းမေးလိုက်တဲ့ စကားတစ်ခွန်း
ငါထိတ်ထိတ်လန့်လန့် ပြုံးလိုက်တယ်။
ကောင်မလေးရေ
အချစ်ဆိုတာ
ပင်လယ်ထဲက ပန်းသီးတစ်လုံးကွယ့်။ ။
လွတ်ကျသွားတဲ့ နှင်းမှုန်တစ်စက်ကို
ပြန်ကောက်ချိန် မရလိုက်ပေမယ့်
အခန်းပျက် ဘတ္ထရီလေးက
ခြောက်လ အာမခံချက်ပေးတယ်။
ကတိပါးပါးနဲ့ ပစ်ပေါက်နေတဲ့
ငါးကြင်းမလေးကို ငါမယုံဘူး
ရာဇဝင် အဟောင်းထဲ
မပျော်ဝင်သေးပေမယ့်
စီးနေကျ မြို့ရဲ့ ဖိနပ်ထူတွေကို
အတွေးအခေါ် မြင့်တက်မလာတာ ခက်တယ်။
ဈေးကွက်ဝင် ဇယားနဲ့
ဘဝကို ဖောဖောသီသီ ရှင်သန်
ဖယောင်းတိုင်လိုတောင်
ရှိသမျှအင်အားနဲ့ မလင်းလက်နိုင်ခဲ့
မျှော်လင့်ထားသလို
ထစ်ထစ်ချုန်းချုန်း ရွာချခဲ့ရင်
ဘီယာနဲ့ အမြည်းခံရမှာ မဟုတ်
အဖုအပိန့်ဟောင်း တစ်စုံတစ်ရာ
ယစ်မူးအောင် ရှိုက်တတ်ခဲ့မှာမဟုတ်။
ပစ္စုပ္ပန်ကို အစာထင်တဲ့နေ့
မျှားနေတဲ့ တီကောင် ရင်ဘတ်နားကူးခတ်
ပြင်းရှရှအပြုံးနဲ့ ဖျတ်ဖျတ်လူး
ရောင်စုံ အဓိပ္ပါယ်တွေ ထွက်ကျ။
မှော်ဆရာလို
အသက်သွင်းမတတ်တာ ငါ့ရဲ့ အမှားပဲဖြစ်တယ်။
ငါးကြင်းမလေးရေ
တီကောင်တွေရဲ့ ဦးနှောက်ထဲ
ရတနာသိုက်နဲ့မျက်ရည်ယိုဗုံးတွေ ရှိတယ်။
သွေးညှီနံ့ထောင်ချောက်နဲ့ငွေသားဖက်ရှင်တွေ ရှိတယ်။
သံလိုက်အားစက်ကွင်းနဲ့စဉ်းလဲမြေခွေးတွေ ရှိတယ်။
ဘီလူးစိတ်နဲ့လူတွေ ရှိတယ်။
ခေတ်လွန် ယဉ်ကျေးမှုနဲ့ လိမ်းခြယ်
မသာမျက်နှာလို ဖောယောင် ပြာခန်း
ပေပွလာမယ့် အညစ်အကြေးဆိုတာ
ကြော်ငြာအားကောင်းတဲ့ ဆပ်ပြာနဲ့
ဆေးကြောလို့မရဘူး။ ။
သွားရည် တမြားမြား
ပျိုးပြက်ညတွေ ကိုက်ဖဲ့စားသောက်။
သံစဉ်လောင်းရိပ်အောက်
တစ်စစီ ပေါက်ကွဲခဲ့
နာရီပျက်တစ်လုံး သူမဟာ
နတ်သမီးမျက်နှာနဲ့
အဆိပ်ခွက် တစ်ခွက်။
အန္တရာယ် စည်းချက်အောက်
ယစ်မူးကခုန်နေပုံ
အိမ်မြောင်ရဲ့ အမြှီးဖျားကို
ဖြတ်တောက်လိုက်သလိုမျိုး။
ဆန့်ကျင်ဘက်သွေးသားကို
သူ့ပဉ္စလက်ပညာနဲ့ ညှို့ငင်ဝါးမျိုခဲ့။
အပြုံးတစ်ချက်ဟာ ဓါတ်စာတွေ ဖြစ်ခဲ့။
နားလည်မှု အပေးအယူနဲ့
အထိအတွေ့ပိုက်ဆံ
ငွေဆာတဲ့ သွေးသား
သွေးသားဆာတဲ့ ငွေ
ဆာလောင်မှုခြင်း တူနေတယ်။
အဲဒီညတွေ
သူမရဲ့ ဘဝနဲ့အလှကို
တုံးတုံးတိတိ ဖြတ်တောက်ပစ်ကြ။
သူမဟာ လမိုက်ညမှာ
ဘဝကို အဆုံးသတ်ခဲ့ဖူးတယ်
ရမ္မက် ဦးနှောက်ကြောင့် ငြင်းပယ်ခဲ့ရဖူးတယ်
သုဿာန်တစ်ခုကို အရိုးတွေ ပစ်ကျွေးခဲ့ဖူးတယ်
နတ်သမီးမျက်နှာနဲ့အဆိပ်ခွက် မဟုတ်ကြောင်း
ခပ်တည်တည် လိမ်ညာခဲ့ဖူးတယ်။ ။
နှလုံးသား ကျောက်ဆောင်မှာ
ယုံကြည်ချက် အိပ်မက်တွေ
မိုက်မိုက်မဲမဲ ပက်ကြဲလိုက်ပြီ။
နုထွေးထွေး ပါးပြင်ပေါ်
ဆန္ဒ အငွေ့အသက်တွေ
ရေစီး ကမ်းပြို စိုက်ပျိုး။
နီလွင်လွင် နှုတ်ခမ်းသားပေါ်က
ရီဝေတဲ့ အနမ်းပွင့်တွေရယ်
ပတ်ဝန်းကျင်ကို မျက်ကွယ်ပြု
ခပ်နွမ်းနွမ်းဘဝကို ခွာကန်
လက်ကျန်ဝတ်မှုန်ဆိုတာများ
ဖိနပ်အောက်မှာ ရယ်ရယ်မောနဲ့။
သော့ခတ်ထားတဲ့ စကားလုံးတွေ
အိုမင်းရင့်ရော်ချိန်
နေ့ရက်သစ်တွေဆိုတာ
ထွက်ပေါက်တစ်ခုအတွက် ဟစ်အော် ငိုကျွေးနေကြရဲ့။
အန္တရာယ် အသိုက်အမြုံက
ခါးသက်သက် အရသာတွေရယ်
ဘဝနှစ်ခုရဲ့
အကွာအဝေးဆိုတာ
မြားဆိပ်သင့် ဝံပုလွေတစ်ကောင်ရဲ့
ငိုချင်းရှည် ငြီးတွားလိုက်သလိုပေါ့။
အစာကျွေးထားဆဲ ဝိညာဉ်
ခါးအောက်ရောက်နေတဲ့ မျက်လုံး
တန်ဖိုးကြီး အဆိပ်
သိက္ခာတရားရဲ့ ရိုးသားခြင်းအသုဘမှာ
ဝှက်ဖဲ တစ်ချပ်စီကိုင်လို့။
သေမင်းရဲ့ ရယ်သံအောက်
ထိပ်လန့် တုန်လှုပ် ချောက်ခြား
မောပန်း ဆုံးရှုံး ရီဝေ
ခါးသက်သက် ဘဝ
အလင်းမှန်ပြပြ သေနေကြပြီ။ ။
လမိုက်ညရဲ့
မျက်ခုံးနက်နက်
ငါ
တိတ်တိတ်လေး ပေါက်ကွဲခဲ့တယ်။
နာရီအို ရထားပေါ်
ဥတုသုံးပါး မွေးဖွားရင်း
မှိုတက်စ အပြုံးတွေ
မျက်နှာသစ်ပေးခဲ့တဲ့ ကောင်မလေး။
သူ့ကိုယ်သူ
မသိဘူးဆိုတော့
ငါက ရယ်တယ်။
လောကဓံလှလှနဲ့
ကောင်မလေးရေ
မီးတောက်တွေ
ဘာအတွက် ရင်ဘက်ထဲ
ပစ်သွင်းလိုက်တာလဲ။
အညွန့် အညှောက်တွေ
ဘဝတစ်ခုစာ ပြာကျ
အသိတရားက
ခပ်ဝေးဝေးမှာ ကျန်ရစ်ခဲ့ပြီ။
ဗလာသက်သက် ရေးခြစ်သွားတဲ့
အစင်း အကြောင်းတွေ
သဘာဝလွန် ပြကွက်တွေ
ဝမ်းနည်းပက်လက်နဲ့ ငါသိလိုက်ပါပြီ။
ငါ့ကိုငါ
သိခဲ့တဲ့ မသိစိတ်မှာ
ကောင်မလေးရဲ့ ရယ်သံတွေ
တိတ်တိတ်လေး ခိုစီးနေခဲ့တယ်။ ။
အဆိပ်အတောက် နှလုံးသား
စည်းချက်လွဲချော်
အထားအသို အာမခံချက်မပေးတဲ့
ပန်းပွင့်တွေ ထုဆစ်ခြယ်သ။
စိတ်မပါပဲ ပြုံးပြရတာ
ပါးညောင်းတယ် ကောင်မလေးရယ်
အလိုဆန္ဒဆိုတာ အာသာ
လက်ထိပ်တစ်စုံကို မုန်းပစ်လိုက်။
သွေးသားမစစ်တဲ့
ဆွေမျိုးအတုတွေ
ဘယ်သူက တောက်ပခွင့်ပေးရဲသလဲ။
သံသယလှိုင်းလုံးတွေအောက်
သံသရာ လည်နေပြီ။
သွေးသား ထကြွမှုရဲ့ပရိယာယ်ဟာ
အချစ်မဟုတ်တာ သေချာတယ်
ညတိုင်းလမပြည့်တာ အဆန်းမဟုတ်ဘူး။
ဟောဒါ
တကယ့်ကို စူးစူးဝါးဝါး လမိုက်ည
တွေးမထားတဲ့မေးခွန်းတွေ တိုက်စစ်ဆင်
ဝန်းကျင်တစ်ခုလုံး ကြက်သေ ဝက်သေ သေရော့။
ကောင်မလေးရေ
လူဆိုတာ
နောက်ပြန်ဆွဲကြည့်လိုက်တိုင်း
ရိုးသားစွာ ပြုံးနိုင် ရယ်နိုင်ဖို့ လိုအပ်တယ်။ ။
ယုယုယယ စေတနာတွေ
ရွက်လွှင့် စီးမြောချိန်
ခင်မင်မှုက
အချစ်စစ်လို့ နာမည်ပြောင်းတယ်။
မြတ်မြတ်နိုးနိုး အချစ်စစ်တွေ
တစ်စတစ်စ ဆွဲထုတ်နေချိန်
ဂုဏ်သိက္ခာက
ပေါက်ကွဲသံလို့ နာမည်ပြောင်းတယ်။
တိုးတိုးဖွဖွ ပေါက်ကွဲသံတွေ
ယစ်မူး နမ်းရှိုက်နေချိန်
မာနတရားက
ရေခဲမြစ်လို့ နာမည်ပြောင်းတယ်။
ယုံယုံမှားမှား မြစ်ရေတွေ
ပျော်ဝင်စီးဆင်းနေချိန်
လပြည့်ညက
မီးတောက်လို့ နာမည်ပြောင်းတယ်။
နီနီရဲရဲ မီးတောက်တွေ
လောင်ကျွမ်းဝါးမျိုနေချိန်
နားလည်မှုက
တိုက်ပွဲလို့ နာမည်ပြောင်းတယ်။
ဆူဆူညံညံ တိုက်ပွဲတွေ
ပစ်ခတ်ထိမှန်နေချိန်
အချစ်က
လမ်းခွဲသီချင်းလို့ နာမည်ပြောင်းတယ်။
လွမ်းလွမ်းဆွေးဆွေး သီချင်းတွေ
ခံစားမှေးစက်နေချိန်
ဂီတက
အိပ်မက်လို့ နာမည်ပြောင်းတယ်။
ခြောက်ခြောက်သွေ့သွေ့ အိပ်မက်တွေ
ပူပြင်းပွက်ထနေချိန်
ဘဝက
ကဗျာလို့ နာမည်ပြောင်းလိုက်ပြန်တယ်။ ။
လက်တွေ့မှားယွင်းနေတာ
အမှန်တရားရဲ့ ရန်သူလား
ငါကတော့ ဘဝတံခါးကို
ကြက်ခြေခတ်နဲ့ တွန်းဖွင့်လာခဲ့တယ်။
ရှင်သန်ရာ နောက်ကြောင်းကို
အနှေးကြည့် ကြည့်မိကာမှ
ကန္တာရ ဆူးငုတ်တွေ
ထူအမ်းအမ်း ဆွဲနှုတ်ခဲ့ရ။
နက္ခတ်တာရာစုံတိုင်း
ဓာတ်ခွဲခန်းက သုညတွေနဲ့
သီချင်းဆိုရင်း အရည်ပျော်နေတဲ့ကောင်။
ငါ့အဘိဓာန်မှာ လွဲမှားမှုတွေ ရှိနေလိမ့်မယ်
ငါလွဲချော်တိုင်းသာ
အက်စစ်မိုး တစ်ပေါက်ကျရင်
(သို့မဟုတ်) လူတစ်ယောက်လွဲချော်တိုင်း
အက်စစ်မိုး တစ်ပေါက်ကျရင်။
လွဲမှားခြင်းဟာ
ဖိနပ်တစ်ရံနဲ့တူသလို
ဆူးတစ်ချောင်းလဲ ဖြစ်ရဲ့။
သူငယ်ချင်းတစ်ယောက်က
ဟောလိုမေးတယ် . . .
‘‘လူ့သမိုင်းမှာ
အမှားကို
ဘယ်သူစထွင်ခဲ့သလဲ’’
ပရမတ္ထသစ္စာရဲ့ နိဒါန်းဦးမှာပဲ
ငါ မှားမှားယွင်းယွင်း မေ့လျော့သွားတယ်
သတိရမှုတွေ ပျို့တက်လာတော့
လူကို တိရစ္ဆာန်ကသတ်၊
တိရစ္ဆာန်ကို လူကသတ်၊
လူကို လူကသတ်၊
တိရစ္ဆာန်ကို တိရစ္ဆာန်ကသတ်။
ဒီလိုနဲ့ ညစ်တေတေစိတ်ကူးတွေ
သုသာန်ကြီးရဲ့ မျက်နှာပေါ်
နောက်ဆုံးစီရင်ချက်နဲ့ ရှင်သန်ခဲ့ရတယ်။ ။
ဆိပ်ကမ်းတွေနဲ့
ခလုပ်တိုက် သောင်ထွန်းခဲ့တဲ့
ငါ့ရဲ့ ကောင်းကင်ဆန်ခရီး
ကိုယ်ပိုင်အကျဉ်းထောင် တစ်ခုအတွက်
မီးလုံးတွေ ဖွင့်လိုက် မှိတ်လိုက်
ပန်းတိုင်တွေ စိုက်ထူလိုက် ရိုက်ချိုးလိုက်
မိုးတွေ အများကြီး လင်းခဲ့ပြီး
မိုးတွေ အများကြီး ချုပ်ခဲ့ရတယ်။
အကြီးမားဆုံး ပိုင်ဆိုင်ခွင့်ဆိုတာက
ဘုံဗိမ္မာန်လိုလို
ငရဲပန်းလိုလို
ဟောဒီ သမရိုးကျ
ရင်ခုန်သံ အန်ဖတ်တစ်ချို့။ ။
ရင်ခုန်သံ ဒဏ္ဍာရီ ခေတ်နှောင်း ပုံပြင်လို့
အသိအမှတ်နဲ့ ရပ်တည်ပြီး
အချစ်ဆိုတဲ့ အက္ခရာကို
လေးလေးနက်နက် ရယ်ချင်လာတယ်။
အရိုးတံတွေ အဖော်မဲ့ချိန်
ပင်စည်ရဲ့ ရပိုင်ခွင့်က
အနာဂတ်ကို စောင့်ကြိုရင်း
နွေဦးကို
ပွေ့ဖက်လိုက်ခြင်းပဲ ဖြစ်တယ်။
ဝန်းကျင်တစ်ခုမှာကျပျောက်ခဲ့တဲ့ ယုံကြည်ချက်နဲ့
အဖြူရောင် မျက်ရည်စတွေရယ်
ရနံ့ကင်းမဲ့စွာ ဖူးပွင့်နေမယ့်အစား
ငါ့ကို တိုက်ရိုက်ဆန့်ကျင်လိုက်ပါတော့။
အယူအဆ တင်းမာ
ခိုင်လုံတဲ့ သစ္စာတရားတွေတောင်
ဒဏ်ရာ ဗရပွနဲ့ ဆေးရုံရောက်ခဲ့ပေါ့။ ။
နှင်းဆီရောင် နေ့စွဲတွေရဲ့
သေဆုံးခြင်း အထိမ်းအမှတ်မှာ
ဒိုင်ယာရီနဲ့ အငြင်းအခုန် ဖြစ်ခဲ့ဖူးတယ်။
ခပ်ကျဲကျဲ ကုတ်ခြစ်ခံရတဲ့
အမိုးတစ်ခုအောက်မှာ
လပြည့်ညနဲ့ စကားပြောခဲ့ဖူးတယ်။
လင်ကွာမိန်းမတစ်ယောက်ရဲ့
ပိုက်ဆံအိပ် အဟောင်းထဲမှာ
ရော့(ခ်)သီချင်းနဲ့ မိတ်ဆုံစားခဲ့ဖူးတယ်။
ပြိုင်ဘက် မျက်ဝန်းတစ်စုံရဲ့
အသိဥာဏ် နှီးနှောပွဲမှာ
ပန်းသီးအတုနဲ့ ရင်ခွဲခန်း ဝင်ခဲ့ဖူးတယ်။
တစ်ခါသုံး မြို့ပြရဲ့
ဝမ်းခေါင်းထဲမှာ
မော်ဒန်အမုန်းနဲ့ လမ်းလျှောက်ခဲ့ဖူးတယ်။
သစ်ရွက်သုသာန်ရဲ့
ကွင်းလယ်စက်ဝိုင်းမှာ
ဆေးပြင်းလိပ်တိုနဲ့ ရန်ဖြစ်ခဲ့ဖူးတယ်။
စွယ်တော်တစ်ရွက်ရဲ့
မီးလောင်ပြင်အောက်မှာ
စာမျက်နှာတွေနဲ့ မှန်အတူ ကြည့်ခဲ့ဖူးတယ်။
ကျေးလက်ဒေသရဲ့
အရက်ခွက်ထဲမှာ
နာကျည်းမှုနဲ့ မျက်ရည်ကျခဲ့ဖူးတယ်။
မီးတိုက်သွင်းထားတဲ့
နေ့လည်ခင်းတစ်ခုမှာ
ဥဩတစ်ကောင်နဲ့ ကဗျာရေးခဲ့ဖူးတယ်။
မှန်ကန်မှု မရှိတဲ့
သစ္စာတရားအောက်မှာ
အိပ်မက်တွေနဲ့
အနာဂတ်ကို မျှော်လင့်ခဲ့ဖူးတယ်။ ။
မုန်တိုင်းလှုပ်ချွေ အစိုင်အခဲ
မြတ်နိုးမှုသန့်သန့် ရုန်းကန်တိုးထွက်
ဘယ်ဘက်ရင်အုံကြားက
ပုဝါနှစ်ထည်ကြွေပုံ။
ဗုဒ္ဓဟူးပုဝါမလေး
မျက်ရည်ရင့်ဝတ်ရည်မော့သောက်
နွေအခင်းအကျင်းကင်ပွန်းတပ်
အနောက်တိုင်းပုံတူစီးမျော
ဒုက္ခခါးခါး ယက်ချုပ်သီနှောင်
ညအပြုံးတု ပူးကပ်ခိုဝင်
ပထမမြို့ပြလို ခေတ်မှီထွားကြိုင်း
ခေတ်လွန်ဆံပင် စကပ်ခွဲ
ရင်အုံဟင်းလင်းဖွင့် သီချင်းဆို
ဧရာဝတီငါးပိသိပ်ကြိုက်တယ်။
တနင်္ဂနွေပုဝါမလေး
ယိုဖိတ်နှလုံးသွေးစုပ်မြို
ဆောင်းသင်္ကေတတံဆိပ်နာမည်
သမရိုးကျပုံစံခွက် ဖြတ်သန်း
သောကချိုချို ထုဆစ်စီမံ
ငိုသံသစ်နေ့ခင်း တိုးချဲ့ခုတ်ထွင်
ဒုတိယမြို့ပြလို နန်းဆန်ဖွံ့ဖြိုး
ထမီရှည်ရှည် ကျေးလက်ဆံတောက်
နှလုံးသားနံရံပြည့် ကောက်ကြောင်းမဲ့ပန်းချီ
အညာပဲပြုတ် သိပ်တမ်းတတယ်။
နှစ်ထည်စလုံးဟာ
အချစ်တစ်ခုရဲ့ မှတ်တိုင်ဖြစ်ပြီး
နှစ်ထည်စလုံးဟာ
အမုန်းတစ်ခုရဲ့ ဆုံမှတ်လဲဖြစ်တယ်။
မုန်တိုင်းလှုပ်ချွေအစိုင်အခဲ
မြတ်နိုးမှုသန့်သန့် ရုန်းကန်တိုးထွက်
ဘယ်ဘက်ရင်အုံကြားက
ပုဝါနှစ်ထည် ကြွေပုံထူဆန်းလှပ။ ။
မိမိရရ မဆုပ်ကိုင်ရသေးတဲ့
နေ့ရက်တစ်ခြမ်းနဲ့
သမုဒ္ဒရာရဲ့
ရင်သားတစ်ခြမ်းကို
တောင်းဆိုပိုင်ဆိုင်ခွင့်ရရင်။
ဘဝဟာ
ပန်းသီးတစ်လုံးထက်
အရသာရှိမှာ သေချာတယ် ။
လက်တွေ့ကျကျ စစ်တမ်းထုတ်မိကာမှ
ရင်နဲ့မဆန့်အောင်
မပြေလည်မှုတွေ တဝုန်းဝုန်းပြိုကျ။
ကောင်မလေးရေ
အများကြီးမျှော်လင့်မထားနဲ့
ငါဟာ
သင်္ချိုင်းကုန်းက မီးသင့်ထင်းတစ်ချောင်းဖြစ်တယ်။ ။
14/10/2008